Friday, November 2, 2012
“မာလိန်မှူး အလိုရှိသည်”
“မာလိန်မှူး အလိုရှိသည်”
(လင်္ကာဒီပ)
ကြမ်းကြမ်းတလှည့် ဖွဖွတခါ
နင်းဝင်လာတဲ့ ခြေသံတွေ
ကချေသည်မလေးရဲ့ မာယာညဉ်
ပဉ္စလက် စက်ကွင်း
ချည်းနင်း မပျော်ဝင်မိစေ
မေခလာရေ….ငါ့လမ်းငါသွားမယ် ဖယ်အုံး။
တရားတဲ့ ဒီခရီးရှည်ထဲ
လမ်းခွဲသွား ညီအစ်ကိုတော်တတွေကို
ငိုယိုမျက်ရည်စမ်းနဲ့ တမ်းတ
နှမျောလှလည်း မတတ်နိုင်ပေဘူး
ခရီးဦး မချိုး မကျိုး
တိုးလို့သာ ဆက်ကူးလိုက်မယ် ဒီခရီး
နီးတလှည့် ဝေးတလှည့် ရှိစမ်းပါစေပေါ့။
ရှေ့နောက်တောင်မြောက်
ထက်အောက်ဝဲယာ
လာမယ့် အန္တရာယ်တွေက အများသား
ပါးပါးနပ်နပ် ကိုင်တွယ်ကာကွယ်ပေးနိုင်သူ
မူနဲ့လမ်းစဉ်ကို အာမခံမယ့်လူစား
ဒွိဟ မပွားတတ်တဲ့ ရှေ့ဆောင်
ကြောင်တောင် မယောင်ချာတတ်တဲ့လမ်းပြ
စွမ်းစပြည့် မာလိန်မှူးကောင်း
အင်း…ငါတောင်းတမိတာတော့အမှန်။
ဝီရီယ ဇွဲ လုံ့လ ပညာ
ရတနာကို အချိန်နဲ့ အသုံးချ
အဆုံးအစမမြင် ဒီပင်လယ်ခရီးမှာ
မာလိန်မှုးကောင်းရှိနေသ၍
အကွေ့အဝိုက် အရှိုက်အငင်
ဘယ်လိုပင် ဝဲသြဃထူပြောပါစေ
သေသေကြေကြေ ကူးခပ်ပစ်လိုက်မယ်
လာစမ်းကွယ် လောကဓံတရားများ။
တမျိုးသားလုံးရဲ့ရှေ့ရေး
တွေးတွေးဆဆ ကိုင်တွယ်ထိန်းကျောင်း
မောင်းနှင်မယ် ပင်လယ်ပြင်ဟိုဘက်ကမ်း
လှိုင်းကြမ်း မုန်းတိုင်းတွေရှိမယ်
အပြောကျယ်တဲ့ အဏ္ဏဝါ
မညှာတတ်တဲ့ သဘောလည်း ရှိမယ်
တကယ်ကို အမှားမခံတဲ့ လမ်းမို့
ရွေးကြစို့လေ မာလိမ်မှုးကောင်း
ဇောင်းတင် မောင်းတင်
သောင်းဘဝင် အေးမြစေမယ့် လူစား လူသားသို့။
အောက်တိုဘာ ၂၂ရက်၊ ၂၀၁၂ခုနှစ်
လင်္ကာဒီပသည် ကေအိုင်စီ၏ ပင်တိုင်ကဗျာရေးသားသူဖြစ်သည်။
လူငယ်များရဲ့ စကားလက်ဆောင်
စောဆာလောလား ၂၄နှစ်
ဝါသနာ လူမှုရေးနဲ့ နိုင်ငံရေး
ပညာ ဆယ်တန်းအောင်
ကျနော်က တနင်္သာရီတိုင်း မြိတ်-ထားဝယ် ထူးဖစ်ပလောကျေးရွာ ဇာတိပါ။ အဖေက ဆက်သွယ်ရေးတပ်မှ တော်လှန်ရေးသ မား၊ အမေက ကျောင်းဆရာမပါ။ မွေးချင်းမောင်နှမ ၄ယောက်မှာ ဒုတိယမြောက်သားဖြစ်ပါတယ်။ ၁၉၉၇ခုနှစ်မှာ မြန်မာစစ်တပ် တွေရောက်လာပြီး နယ်မြေစိုးမိုးရေး၊ တပ်အင်အားချဲ့ထွင်လာတာတွေကြောင့် ကျနော်တို့မိသားစုဟာ ကိုယ့်ဒေသမှာ မနေရဲ တော့ပဲ ထိုင်း-မြန်မာနယ်စပ်ကို ၁၉၉၇မှာ ထမ်းဟင်ဒုက္ခသည်စခန်းကို ထွက်ပြေးလာခဲ့ရတယ်။
ဒီတော့ ရွာမှာရှိတဲ့ လယ်ယာ၊ ခြံမြေတွေ အားလုံးကိုလည်း မြန်မာစစ်တပ်က သိမ်းသွားခြင်း ခံခဲ့ရပါတယ်။ ကျနော်လည်း ကရင်ပြည်နယ်မှာ ၃တန်းစာမေးပွဲကို တစ်ဘာသာပဲ ဖြေရပြီး ထမ်းဟင်ဒုက္ခသည်စခန်းကို ရောက်ရှိလာခဲ့ရပါတယ်။ ဒုက္ခသည်စခန်းမှာတော့ ၃တန်းကနေ ဆယ်တန်း အောင်တဲ့အထိ ကျနော် ကျောင်းဆက်တက်ခဲ့ပါတယ်။
ဒုက္ခသည်စခန်းမှာ ကျောင်းတက်တဲ့အချိန် ကျနော့်ဘ၀ ပိုပြီးလုံခြုံလာ တယ်လို့ ခံစားရပေမယ့် ရှေ့ကို ဘာမှ မျှော်လင့်လို့မရဲတဲ့ အခြေအနေအဖြစ် ခံစားခဲ့ရတယ်။ ၂၀၀၅ခုနှစ်မှာ ဆယ်တန်းအောင် ပြီး ဒုက္ခသည်စခန်းမှာ အကူကျောင်း ဆရာအနေနဲ့ ၂နှစ် လုပ်ပေးခဲ့တယ်။ အဲဒီနောက်မှာ အဖေကလည်း ဆုံးပါးသွားတဲ့အတွက် ဆယ်တန်းလွန်ကျောင်းတွေကို မတက်ဖြစ်တော့ဘဲ ၂၀၀၇ခုနှစ်လယ် လောက်မှာ ကျနော်တို့ မိသားစုတွေအားလုံး တတိယနိုင်ငံ အခြေချနေထိုင်ဖို့ သြစတြေးလျားနိုင်ငံကို လျှောက်ပြီး ၂၀၀၈ခုနှစ်မှာ ကျနော်တို့ သြစတြေးလျားနိုင်ငံကို လာရောက်နေထိုင်ခွင့်ရခဲ့တယ်။
ကျနော် သြစတြေးလျားနိုင်ငံမှာ ရောက်ကတည်းက အခြေ ခံ အင်္ဂလိပ်စာသင်တန်းတက်ပြီး အခု TAFE မှာ လာမည့် နိုဝင်ဘာတွင်း Environment monitoring and Technology ကို deploma သင်ယူပြီးတော့မှာဖြစ်တယ်။ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ နယ်မြေတွေက ဒုက္ခသည်တွေကို စာနာပြီး ကျနော် တက္ကသိုလ် ပြီးရင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့တခုမှာ အလုပ်ဝင်လုပ်မယ်။ ကျနော်က သြစတြေးလျားနိုင်ငံသားပဲ ခံယူသွားရင်း တနေ့ ကျနော့်နယ်မြေဒေသကို ပြန်ပြီး သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးကို အတတ်နိုင်ဆုံး ပြန်လည်ပြုပြင် ထိန်း သိမ်းနိုင်ဖို့ ကရင်လူထုကို သင်ကြားပို့ချချင်ပါတယ်။
ဒါ့အပြင် အခြားကျနော် တတ်မြောက်ထားတဲ့ ပညာတွေနဲ့ လူငယ်လေးတွေ ကို ပြန်လည် ပြုစုပျိုးထောင် ကူညီသင်ကြားသွားပြီး အခက်အခဲဖြစ်နေတဲ့ ကျေးရွာဒေသတွေက ဆရာ ဆရာမ၊ ကျောင်းသူ ကျောင်းသားတွေကို ကူညီထောက်ပံ့သွားဖို့ ကျနော် ဆန္ဒရှိပါတယ်။ ပြည်တွင်းပြည်ပက ကရင်လူငယ်အားလုံးကလည်း အချိန်တွေကို အကျိုးရှိရှိအသုံးချပြီး စာပေကို မပျင်းမရိ ကြိုးစားစေချင်ပါ တယ်။
ကရင့်အနာဂတ်အရေးဟာ ကျနော်တို့လက်ထဲကို တနေ့ရောက်လာမှာဖြစ်တဲ့အတွက် ယခုကတည်းကစပြီး မျက်စိဖွင့် နားစွင့်လို့ အမျိုးသားရေး၊ နိုင်ငံရေးစာပေများကိုလည်း တတ်အားသရွေ့ လေ့လာမှတ်သားသင်ယူနိုင်ကြပါစေ။ အချောင်စိတ်နဲ့ အိပ်မနေကြဘဲ ခြေလှမ်းသွက်သွက်နဲ့ လျှောက်လှမ်းနိုင်ရမယ်။ မျှော်လင့်ချက်က ရင်လောက်မှန်းမှ ဒူးလောက်သာ ရတတ်ကြ တာမို့ မိမိယုံကြည်ချက်ကို မျက်ခြေအပြတ်မခံဘဲ စာပေကို အပတ်တကုတ် ကြိုးစားသင်ယူကြဖို့မှာချင်ပါ။

မြန်မာ- ဘင်္ဂလာ နယ်စပ် ပင်လယ်ပြင် နှစ်ဘက်နိုင်ငံ ရေတပ်သင်္ဘောများ တိုးချ
ရခိုင်တွင် ပေါ်ပေါက်နေသော ဆူပူ အကြမ်းဖက်မူများကြောင့် မြန်မာ- ဘင်္ဂလာနယ် စပ် ပင်လယ်ပြင်တွင် နှစ်ဘက် နိုင်ငံ၏ ရေတပ် သင်္ဘောများကို တိုးချကာ လုံခြုံရေး မြှင့်တင် ထားကြောင်း သတင်း ရရှိသည်။
ယခုတိုးချထားမူမှာ ၂၀၀၈ ခုနှစ်ကဲ့သို့ တစ်ဘက်နှင့် တစ်ဘက် ရန်စောင် တိုက်ခိုက်ရန် အတွက် မဟုတ်ဘဲ မြန်မာနို်င်ငံမှနေပြီး ဘင်္ဂလားဒေခ်ျ့ဘက်သို့ ထွက်ပြေးသူများကို တားဆီးရန် အတွက် ဖြစ်သည်ဟု သိရသည်။
“ အဓိကတော့ ဒီ ဘင်္ဂလာ ဘက်ကလည်း မြန်မာဘက်က ထွက်ပြေး လာတဲ့ လူတွေကို တားဆီးဖို့ အတွက် ရေတပ်သင်္ဘောတွေကို နယ်စပ်မှာ အများကြီးတိုးချထားပါတယ်။။ မြန်မာဘက်ကလည်း ရေတပ် သင်္ဘောတွေ အများကြီးရှိနေပါတယ်။ သူ့တို့ကလည်း နိုင်ငံကနေ ဒီဘက်ကို လူတွေကို အထွက် မပေးဘူးဗျာ” ဟု တက်ကနက် ဆိပ်ကမ်းတွင် ရှိနေသူ စီးပွားရေး သမား တစ်ဦးက ပြောသည်။
ရခိုင်အရေးတွင် ထွက်ပြေးလာသော မွတ်ဆလင် ဒုက္ခသည်များကို ဘင်္ဂလာဒေခ်ျ့က လုံးဝင် အ၀င်မပေးဘဲ ရေတပ်သင်္ဘောများကို ပင်လယ်ပြင်တွင် ဖြန့်ကျက် ချထားကာ ပြန်လည် မောင်းထုတ်နေကြောင်း သိရသည်။
မြန်မာဘက်ကလည်း ရေတပ်သင်္ဘောများဖြင့် ပင်လယ်ပြင်ကို ပိတ်ဆို့ထားသည်ဟု မျက်မြင် ရေလုပ်သားများက ပြောသည်။
သို့အတွက် ယခု အရေးအခင်းတွင် ရခိုင်မှ ထွက်ပြေးလာသူ မွတ်ဆလင် တစ်ဦးတစ်ယောက်မှ လှေဖြင့် ဘင်္ဂလာဒေခ်ျ့သို့ ယနေ့တိုင် ရောက်ရှိလာခြင်း မရှိသေးဟု သူက ဆိုသည်။
“ အခုတစ်ခေါက်ကတော့ မြန်မာနိုင်ငံက လှေစီးပြီး ထွက်ပြေးလာတာကို မတွေ့ရသေးပါဘူး။ လာရင်လည်း လက်ခံမယ့် အနေထား မရှိဘူး။ ဒီဘက်နိုင်ငံက တော်တော်ကို တင်းတင်းကျပ် လုပ်ထားပါတယ်။ နယ်ခြား စောင့်တပ်ဖွဲ့ ဘီဂျီပီ၊ ရဲတပ်ဖွဲ့နဲ့ ကမ်းခြေစောင့် တပ်ဖွဲ့လည်း နယ်စပ် တလျှောက်မှာ အပြည့်ချထားပါတယ်” ဟု ပြောသည်။
ယခုကဲ့သို့ နှစ်နိုင်ငံ နယ်စပ် တလျှောက်ပင်လယ်ပြင်တွင် ရေတပ်သင်္ဘောများ တိုးချထားသဖြင့် ထိခိုက်နေသည်မှာ မြန်မာ- ဘင်္ဂလာ နယ်စပ် စီးပွားရေးကို ဖြစ်သည်ဟု စီးပွားရေး လုပ်ကိုင်နေသူ ဦးထွန်းလှကျော်က ပြောသည်။
ရေတပ်သင်္ဘောများ ရှိနေသဖြင့် ဘင်္ဂလာဒေခ်ျ့သို့ ၀င်ရောက်နေသော မြန်မာဘက်က မော်တော်ဘုတ်အရေအတွက်မှာ အများကြီး လျှော့ကျသွားပြီး နယ်စပ် စီးပွားရေးကိုလည်း အကြီးအကျယ် ထိခိုက်နေသည်ဟု သူက ဆိုသည်။
“ ကျွန်တော်တို့ဘက်က တရားဝင်ရော၊ တရားမ၀င်ရော ဒီကိုလာတာ သိပ်မရှိတော့ဘူး။ နယ်စပ်မှာ ရေတပ် သင်္ဘောတွေက အရမ်းများနေတော့ အစစ်အဆေး အများကြီးရှိနေတယ်။ ဒါကြောင့် တရားဝင်ကုန်တွေ သယ်လာတဲ့ မော်တော်ဘုတ်တွေရော၊ မှောင်ခို မော်တော်ဘုတ်တွေရော မ၀င်တော့ဘူး။ နယ်စပ် စီးပွားရေး ကျနေပါတယ်” ဟု သူက ဆိုသည်။
၎င်းပြင် မောင်တောနှင့် တက်ကနက် အကြား နတ်မြစ်ကို မော်တော်ဘုတ်ဖြင့် ဖြတ်ကျော်ကာ ပတ်စ်ပို့နှင့် သွားလာမူကိုလည်း ယခုအခါ ပြန်လည် ရပ်ဆိုင်းထားကြောင်း သိရသည်။
50 0 0 2397
Share:
Friday, August 24, 2012
စောချာ့ဒို့ဝါး - ၂၅နှစ်
ပညာအရည်အချင်း - ဆယ်တန်းလွန်ကျောင်း (Post Ten)
ဝါသနာ - နိုင်ငံရေး
ကျနော်က ဖာပွန်မြို့နယ်၊ ကွီးတမာ့(မိချောင်းဝင်း)ရွာမှာ နေပါတယ်။ မောင်နှမ လေးယောက်ရှိပြီး ကျနော်က ၂ယောက်မြောက်သားပါ။ မိဘတွေကတော့ ရွာမှာပဲနေကြပြီး လယ်နဲ့ တောင်ယာပဲ လုပ်ပါတယ်။ ကျနော် ရွာမှာ သူငယ်တန်းကနေ ၃တန်းအောင်အထိ ကျောင်းနေ ခဲ့ပါတယ်။ မိဘတွေအလုပ်က ပင်ပမ်းတဲ့အတွက် သူတို့ကို ကူညီချင်တာနဲ့ ၃တန်းအောင်တဲ့နှစ်မှာပဲ ကျောင်းဆက်မတက်တော့ဘဲ တနှစ် နွားကျောင်းတယ်။ ဒါပေမယ့် ကျောင်းကလည်း တက်ချင်သေးတယ်ဆိုတော့ နွားကျောင်းပြီး ကျောင်းဆက်နေဖို့ ဆုံးဖြတ်ခဲ့တယ်။
ရွာမှာ ကျောင်းဆက်တက်မယ်ဆိုရင် ကျောင်းစရိတ်ကလည်း ရှိသေးတယ်လေ။ အလုပ်လုပ်နေရတဲ့ မိဘကိုလည်း စာနာတယ်။ ဒါကြောင့် ကျောင်းစရိတ်မလိုတဲ့ ထိုင်း-မြန်မာနယ်စပ်က မဲခေါင်ခါး(ယခု မယ်လအူး)ဒုက္ခသည်စခန်းကို တော်လှန်ရေးအဖွဲ့ အကူအညီနဲ့ ၁၉၉၉ခုနှစ်မှာ တက်လာပြီး ကျောင်းဆက်နေတယ်။ ဒုက္ခသည်စခန်းမှာ ကျောင်းတက်တာ ဆယ်တန်းအောင်တဲ့အထိပါပဲ။ ဆယ်တန်း အောင်ပြီး ၂၀၀၇မှာ KNU က တပ်မဟာ(၅)မှာ ဖွင့်လှစ်တဲ့ မျိုးဆက်သစ်ကရင်လူငယ်သင်တန်းကျောင်းကို ၂နှစ် တက်တယ်။ အဲဒီ ကျောင်းကစပြီး ကရင့်သမိုင်းနဲ့ တော်လှန်ရေးသမိုင်းကို တော်တော်သိလာခဲ့တယ်။ ပြီးတော့ KNU တပ်မဟာ(၅)ကဖွင့်တဲ့ ဒေးဖိုးနို အထက်တန်းကျောင်းမှာ ကျောင်းဆရာ တနှစ် ပြန်လုပ်တယ်။ အဲဒီနောက်ပိုင်း KNU ထဲမှာ စ၀င်အလုပ်လုပ်တာ အခုထိပါပဲ။ လက်ရှိ ၂၀၁၂ခုနှစ်၊ KNU တပ်မဟာ(၇)၊ လှိုင်းဘွဲမြို့နယ်မှာဖွင့်တဲ့ မျိုးဆက်သစ်ကရင်လူငယ်သင်တန်းကျောင်းကို တက်ရောက်မှာ ဖြစ်ပါတယ်။
ကျနော်ငယ်ငယ်တုန်းက စစ်ဗိုလ်အရမ်းဖြစ်ချင်တာ။ ဒါပေမယ့် လူမှုအသိုင်းအ၀ိုင်းထဲမှာ အလုပ်လုပ်ရင်း နိုင်ငံရေးဘက်ကို စိတ်ပြန်ဝင်စား လာတယ်။ ဒီလိုမျိုး နိုင်ငံရေးသင်တန်းကျောင်းအရင်က တက်ထားဖူးပေမယ့် အခုဒီကျောင်းမှာ ဒီနှစ်သင်မယ့် ဘာသာရပ်တွေ အရမ်းစိတ် ၀င်စားတယ်။ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဘာသာရပ်ကတော့ အဓိကပေါ့။ အခြေခံစစ်သင်တန်းလည်း ပါတယ်လေ။ ကျနော် ရည်ရွယ်ထား တဲ့အရာတွေကို တတ်စွမ်းသမျှ ကြိုးစားပြီး လုပ်သွားမယ်လို့ ဆန္ဒပြုထားပါတယ်။ နောက်ဆုံးအနေနဲ့ ကရင်လူငယ်တွေကို ကျနော်ပြော ချင်တာက ကိုယ့်ကရင့်သမိုင်းကို သိရှိနားလည်အောင် လေ့လာပါ။ ကိုယ့်ကရင်အမျိုးသားအတွက်လည်း တတ်နိုင်တဲ့ဘက်က အလုပ် လုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။

မြဝတီ-မဲဆောက် အမှတ်(၂) ချစ်ကြည်ရေးတံတား မကြာမီ တည်ဆောက်မည်
သြဂုတ်လ ၂၄ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် မြဝတီနှင့် မဲဆောက်မြို့သို့ ဆက်သွယ်မည့် အမှတ်(၂) ချစ်ကြည်ရေးတံတားကြီးကို မကြာခင် တည်ဆောက်တော့ မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုသည်။
လက်ရှိ အမှတ်(၁) ချစ်ကြည်ရေးတံတားမှာ အသေးစားနှင့် အလတ်စား မော်တော်ယာဉ်များသာ သွားလာနိုင်ပြီး မကြာခင် တည်ဆောက် တော့မည့် အမှတ်(၂) ချစ်ကြည်ရေးတံတားသစ်ကိုမူ တန်အချိန် (၆၀)အထိ တင်ဆောင်သည့် အကြီးစားမော်တော်ယာဉ်များ သွားလာ နိုင်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လင်း၏ ပြောဆိုချက်ကို ယနေ့ထုတ် The Nation ထိုင်းသတင်းစာ၌ ဖော်ပြထားသည်။
အမှတ်(၂) တံတားတည်ဆောက်မည့်နေရာကို အကြမ်းဖျင်းအားဖြင့် နှစ်ဘက် အစိုးရတို့က ရွေးချယ်ထားပြီး ၎င်းတံတားကို ၂၀၁၄ခုနှစ် ခန့်တွင် အပြီးတည်ဆောက်နိုင်ရန် ဆွေးနွေးထားပြီးဖြစ်သော်လည်း လက်ရှိအချိန်တွင် စတင် လုပ်ဆောင်ခြင်း မရှိသေးကြောင်း မြဝတီ ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်တင်က ပြောသည်။
“တံတားတည်ဆောက်ဖို့ကို ကျနော်တို့ အစိုးရနဲ့ ထိုင်းအစိုးရက တရားဝင် လက်မှတ်ထိုးထားပြီးသားပေါ့နော်။ ဒါပေမယ့် တကယ် တရား ဝင် တည်ဆောက်ဖို့တော့ စာနဲ့ ဘာနဲ့ အသေးစိတ်လုပ်ရအုံးမှာပေါ့ကွာ။ လောလောဆယ် ဘာမှတော့ မလုပ်နိုင်သေးဘူး”ဟု ဦးမြင့်တင် က ကေအိုင်စီသို့ ပြောသည်။
၎င်းအမှတ်(၂) ချစ်ကြည်ရေးတံတားကြီး တည်ဆောက်ခြင်းနှင့် ပတ်သက်၍ လွှတ်တော်တွင် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်သိန်းက မေးမြန်းရာ ထိုတံတားကို ထိုင်းအစိုးရ၏ အကူအညီဖြင့် ဆောက်လုပ်သွား မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လွင်က ပြန်လည် ဖြေကြားခဲ့သည်။
အသစ်တည်ဆောက်မည့်တံတားသည် အမှတ်(၁) တံတား၏ မြောက်ဘက်စုန်ဘက်ခြမ်းတွင် လျာထား(၃)နေရာအား ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး မြဝတီမြို့နှင့် အနီးဆုံး ၃မိုင်ခန့်ဝေးသည့်နေရာကို ရွေးချယ်ထားကြောင်းလည်း ဖြေကြားခဲ့သည်။
၎င်းအပြင် မြဝတီမြို့မှ သင်္ဃန်းညီနောင်အထိ ကုန်သွယ်ရေးလမ်းမကြီးကို သင်္ဃန်ညီနောင်မှ ကော့ကရိတ်အထိ ဆက်သွယ်ဖောက်လုပ် မည့်လမ်းမှာလည်း သင်္ဃန်းညီနောင်မှ ဒေါနတောင်ခြေကိုဖြတ်၍ ကော့ကရိတ်အထိ စုစုပေါင်း ၂၈.၆ကီလိုမီတာရှိပြီး နှစ်လမ်းသွား ကတ္တရာလမ်းအဖြစ် ထိုင်းနိုင်ငံ၏ အကူအညီဖြင့် ဖောက်လုပ်သွားမည်ဟုလည်း ဦးကျော်လွင်က ဖြေကြားခဲ့သည်။
လက်ရှိ အသုံးပြုနေသည့် အမှတ်(၁) ချစ်ကြည်ရေးတံတားကို ၂၀၁၀ခုနှစ်၊ ဇူလိုင်လ ၁၈ရက်နေ့က မြန်မာအစိုးရဘက်မှ ပိတ်ထားခဲ့ပြီး ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလ ၅ရက်နေ့(ထိုင်းဘုရင့်မွေးနေ့)၌ ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။
ချစ်ကြည်ရေးတံတား မပိတ်ခင်ကာလက ထိုင်း-မြန်မာ ကုန်သွယ်မှုတန်ဖိုးသည် တနှစ်လျှင် အမေရိကန်ဒေါ်လာ ၄.၃ဘီလီယံရှိပြီး တစ်လ လျှင် မြန်မာမှ ထိုင်းသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ ဘတ်သန်းဆယ်ဂဏန်း (ကျပ်သန်း ၃၀၀)ခန့်ရှိကာ ထိုင်းနိုင်ငံမှ မြန်မာသို့ တင် ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ ဘတ်သန်း ၁,၀၀၀ (ကျပ်သန်း ၃၀,၀၀၀)ခန့် ရှိသည်ဟု သိရသည်။