စောဆာလောလား ၂၄နှစ် ၀ါသနာ လူမှုရေးနဲ့ နိုင်ငံရေး ပညာ ဆယ်တန်းအောင် ကျနော်က တနင်္သာရီတိုင်း မြိတ်-ထားဝယ် ထူးဖစ်ပလောကျေးရွာ ဇာတိပါ။ အဖေက ဆက်သွယ်ရေးတပ်မှ တော်လှန်ရေးသ မား၊ အမေက ကျောင်းဆရာမပါ။ မွေးချင်းမောင်နှမ ၄ယောက်မှာ ဒုတိယမြောက်သားဖြစ်ပါတယ်။ ၁၉၉၇ခုနှစ်မှာ မြန်မာစစ်တပ် တွေရောက်လာပြီး နယ်မြေစိုးမိုးရေး၊ တပ်အင်အားချဲ့ထွင်လာတာတွေကြောင့် ကျနော်တို့မိသားစုဟာ ကိုယ့်ဒေသမှာ မနေရဲ တော့ပဲ ထိုင်း-မြန်မာနယ်စပ်ကို ၁၉၉၇မှာ ထမ်းဟင်ဒုက္ခသည်စခန်းကို ထွက်ပြေးလာခဲ့ရတယ်။
ဒီတော့ ရွာမှာရှိတဲ့ လယ်ယာ၊ ခြံမြေတွေ အားလုံးကိုလည်း မြန်မာစစ်တပ်က သိမ်းသွားခြင်း ခံခဲ့ရပါတယ်။ ကျနော်လည်း ကရင်ပြည်နယ်မှာ ၃တန်းစာမေးပွဲကို တစ်ဘာသာပဲ ဖြေရပြီး ထမ်းဟင်ဒုက္ခသည်စခန်းကို ရောက်ရှိလာခဲ့ရပါတယ်။ ဒုက္ခသည်စခန်းမှာတော့ ၃တန်းကနေ ဆယ်တန်း အောင်တဲ့အထိ ကျနော် ကျောင်းဆက်တက်ခဲ့ပါတယ်။
ဒုက္ခသည်စခန်းမှာ ကျောင်းတက်တဲ့အချိန် ကျနော့်ဘ၀ ပိုပြီးလုံခြုံလာ တယ်လို့ ခံစားရပေမယ့် ရှေ့ကို ဘာမှ မျှော်လင့်လို့မရဲတဲ့ အခြေအနေအဖြစ် ခံစားခဲ့ရတယ်။ ၂၀၀၅ခုနှစ်မှာ ဆယ်တန်းအောင် ပြီး ဒုက္ခသည်စခန်းမှာ အကူကျောင်း ဆရာအနေနဲ့ ၂နှစ် လုပ်ပေးခဲ့တယ်။ အဲဒီနောက်မှာ အဖေကလည်း ဆုံးပါးသွားတဲ့အတွက် ဆယ်တန်းလွန်ကျောင်းတွေကို မတက်ဖြစ်တော့ဘဲ ၂၀၀၇ခုနှစ်လယ် လောက်မှာ ကျနော်တို့ မိသားစုတွေအားလုံး တတိယနိုင်ငံ အခြေချနေထိုင်ဖို့ သြစတြေးလျားနိုင်ငံကို လျှောက်ပြီး ၂၀၀၈ခုနှစ်မှာ ကျနော်တို့ သြစတြေးလျားနိုင်ငံကို လာရောက်နေထိုင်ခွင့်ရခဲ့တယ်။
ကျနော် သြစတြေးလျားနိုင်ငံမှာ ရောက်ကတည်းက အခြေ ခံ အင်္ဂလိပ်စာသင်တန်းတက်ပြီး အခု TAFE မှာ လာမည့် နိုဝင်ဘာတွင်း Environment monitoring and Technology ကို deploma သင်ယူပြီးတော့မှာဖြစ်တယ်။ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ နယ်မြေတွေက ဒုက္ခသည်တွေကို စာနာပြီး ကျနော် တက္ကသိုလ် ပြီးရင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့တခုမှာ အလုပ်ဝင်လုပ်မယ်။ ကျနော်က သြစတြေးလျားနိုင်ငံသားပဲ ခံယူသွားရင်း တနေ့ ကျနော့်နယ်မြေဒေသကို ပြန်ပြီး သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးကို အတတ်နိုင်ဆုံး ပြန်လည်ပြုပြင် ထိန်း သိမ်းနိုင်ဖို့ ကရင်လူထုကို သင်ကြားပို့ချချင်ပါတယ်။
ဒါ့အပြင် အခြားကျနော် တတ်မြောက်ထားတဲ့ ပညာတွေနဲ့ လူငယ်လေးတွေ ကို ပြန်လည် ပြုစုပျိုးထောင် ကူညီသင်ကြားသွားပြီး အခက်အခဲဖြစ်နေတဲ့ ကျေးရွာဒေသတွေက ဆရာ ဆရာမ၊ ကျောင်းသူ ကျောင်းသားတွေကို ကူညီထောက်ပံ့သွားဖို့ ကျနော် ဆန္ဒရှိပါတယ်။ ပြည်တွင်းပြည်ပက ကရင်လူငယ်အားလုံးကလည်း အချိန်တွေကို အကျိုးရှိရှိအသုံးချပြီး စာပေကို မပျင်းမရိ ကြိုးစားစေချင်ပါ တယ်။
ကရင့်အနာဂတ်အရေးဟာ ကျနော်တို့လက်ထဲကို တနေ့ရောက်လာမှာဖြစ်တဲ့အတွက် ယခုကတည်းကစပြီး မျက်စိဖွင့် နားစွင့်လို့ အမျိုးသားရေး၊ နိုင်ငံရေးစာပေများကိုလည်း တတ်အားသရွေ့ လေ့လာမှတ်သားသင်ယူနိုင်ကြပါစေ။ အချောင်စိတ်နဲ့ အိပ်မနေကြဘဲ ခြေလှမ်းသွက်သွက်နဲ့ လျှောက်လှမ်းနိုင်ရမယ်။ မျှော်လင့်ချက်က ရင်လောက်မှန်းမှ ဒူးလောက်သာ ရတတ်ကြ တာမို့ မိမိယုံကြည်ချက်ကို မျက်ခြေအပြတ်မခံဘဲ စာပေကို အပတ်တကုတ် ကြိုးစားသင်ယူကြဖို့မှာချင်ပါ။
0 comments:
Post a Comment